ဘာစီလိုနာအသင်းအတွက် အသက် ၁၄ နှစ်အရွယ်ထဲက စတင်ကစားပေးခဲ့တဲ့ ကွင်းလယ်လူ ရော်ဘတ်တိုဟာ အခုနွေရာသီမှာ အသင်းက ထွက်ခွာသွားပြီလို့ ဘာစီလိုနာအသင်းက အတည်ပြုသွားခဲ့ပါတယ်။
လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ရော်ဘတ်တိုဟာ လက်ရှိမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ဘာစီလိုနာအသင်း အတွက် ပွဲပေါင်း ၃၇၃ ပွဲမှာ ၁၉ ဂိုး သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။
အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းရဲ့ သက်တမ်းရင့် ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၂၃-၂၄ ဘောလုံး ရာသီမှာ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးတာကို ခံခဲ့ရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်က ရော်ဘတ်တိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်သလို ကလပ်အသင်းသစ်လည်း ရှာမတွေ့သေးတာကြောင့် ကလပ်လက်မဲ့ ဖြစ်နေပါတယ်။
ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ် ၂ ကြိမ်၊ လာလီဂါချန်ပီယံဆု ၇ ကြိမ်နဲ့ စပိန်ဘုရင့်ဖလားချန်ပီယံဆု ၆ ကြိမ် ရရှိထားခဲ့တာဖြစ်ပြီး အသင်းအတွက် နေရာစုံမှာ အကောင်းဆုံးကစားပေးခဲ့တဲ့ ရော်ဘတ်တိုကို ကျေးဇူးတင် တယ်လို့ ဘာစီလိုနာအသင်းရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။