စက်တင်ဘာ ၁၅ ရက်နေ့က ပြင်သစ်နိုင်ငံ ကော်စီကာကျွန်းမှာ ကျင်းပခဲ့တဲ့ ရေငုပ်ပြိုင်ပွဲမှာ ရုရှားရေငုပ်သမား မိုချာနော့ဗ်က ကမ္ဘာ့စံချိန်သစ် တင်သွားခဲ့ပါတယ်။
ရေငုပ်ပြိုင်ပွဲ အမျိုးအစား လေးခုကို ကျင်းပခဲ့တာဖြစ်ပြီး မိုချာနော့ဗ်က (CWTB)အမျိုးအစားပြိုင်ပွဲမှာ သူကိုယ်တိုင်တင်ထားခဲ့တဲ့ စံချိန်ဟောင်းကို ချိုးဖျက်ပြီး ကမ္ဘာ့ စံချိန်သစ်ကို တင်သွားခဲ့တာပါ။
မိုချာနော့ဗ်ဟာ ၂၀၂၃ ပြိုင်ပွဲတုန်းက ရေအနက် ၁၂၄ မီတာအထိ ရောက်အောင် ရေငုပ်ပြခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။
အခုနှစ်မှာတော့ ၁၂၅ မီတာအထိရောက်အောင် ရေငုပ်ပြခဲ့ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ပြိုင်ပွဲအပြီးမှာပဲ ၂၀၂၄ ခုနှစ်အတွက် ရေငုပ်ပြိုင်ပွဲ အမျိုးအစား ၄ ခုစလုံးရဲ့ အနိုင်ရသူတွေ ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာ ရုရှားနိုင်ငံသူ ဂီလက်စ်ပီက ပြိုင်ပွဲအမျိုးအစား ၄ ခုစလုံးမှာ အနိုင်ရခဲ့ကာ ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရယူသွားခဲ့ပါတယ်။
အမျိုးသားပြိုင်ပွဲမှာတော့ ခရိုအေးရှားနိုင်ငံသား ကလိုဗာက (FIM) အမျိုးအစားပြိုင်ပွဲမှာ ၁၂၇ မီတာအထိ ရေငုပ်ပြခဲ့ပြီး ရွှေတံဆိပ်ဆုရခဲ့သလို ကျန်တဲ့အမျိုးအစား ပြိုင်ပွဲတွေမှာလည်း ထိပ်ဆုံး ၃ ယောက်အတွင်း ရပ်တည်နိုင်ခဲ့လို့ ကမ္ဘာ့ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။