ကစားသမားဘဝမှာ တစ်ခါမှ မရဖူးသေးတဲ့ ရုံတွင်း မီတာ ၁၅၀၀ ကမ္ဘာ့ချန်ပီယံဆုကို အခုနှစ်မှာ ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ နော်ဝေနိုင်ငံသား အင်ဂီဘရစ်ဆန်က ပြောကြားလိုက်ပါတယ်။

နောက်တစ်ပတ်ထဲမှာ ကျင်းပမဲ့ ရုံတွင်းကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲအတွက် တရုတ်နိုင်ငံကို ရောက်လာချိန်မှာ အင်ဂီဘရစ်ဆန် က အခုလို ပြောသွားခဲ့တာပါ။
ဒါဟာ အင်ဂီဘရစ်ဆန်အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နောက်ပိုင်း အာရှမြေ ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုရာသီမှာ ရုံတွင်း မီတာ ၁၅၀၀ ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့က အကြီးမားဆုံး ရည်မှန်းချက်ပါလို့ အင်ဂီဘရစ်ဆန်က ပြောပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်မှာ မီတာ ၁၅၀၀ ရွှေတံဆိပ်ဆုရခဲ့ဖူးတဲ့ အင်ဂီဘရစ်ဆန်ဟာ ကမ္ဘာ့ရုံတွင်းချန်ပီယံရှစ်ပြိုင်ပွဲရဲ့ မီတာ ၁၅၀၀ ပြေးပွဲမှာတော့ ဒုတိယ ဆုသာ အမြင့်ဆုံးရရှိထားတာ ဖြစ်ပါတယ်။ ၂၀၂၂ ရုံတွင်း ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၁၅၀၀ ပြိုင်ပွဲမှာ အင်ဂီ ဘရစ်ဆန်ဟာ တီဖီရာရဲ့နောက် ဒုတိယငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၂၃ ပြိုင်ပွဲကိုတော့ ဒဏ်ရာပြဿနာ ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

အခုနှစ်ရုံတွင်းပြိုင်ပွဲတွေမှာတော့ အင်ဂီဘရစ်ဆန်ဟာ အကောင်းဆုံးပုံစံကို ရရှိ ထားပြီး နယ်သာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာ မီတာ ၁၅၀၀ နဲ့ မီတာ ၃၀၀၀ ပြေးပွဲ တွေမှာ ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။