ကမ္ဘာ့အဆင့် ၅ မှာရပ်တည်နေတဲ့ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဗူကော့ဗ်အပေါ် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်က ဆက်ရှိနေဦးမှာဖြစ်တယ်လို့ WTA က အတည်ပြုခဲ့ပါတယ်။ ကစားသမားတွေအပေါ် မလျော်ကန်တဲ့ အပြုအမူတွေကျူးလွန်ခဲ့ တယ်ဆိုပြီး ဇန်နဝါရီလအစောပိုင်းက ဗူကော့ဗ်ကို စုံစမ်းမှုတွေ စတင်ပြုလုပ်ခဲ့သလို အမျိုးသမီးတင်းနစ်ပွဲတွေကို ကျင်းပနေတဲ့ WTA ကလည်း ဗူကော့ဗ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ကြောင်းကြေညာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဗူကော့ဗ်ကတော့ သူ့ဘက်ကဘာအမှားအယွင်းမှ မကျူးလွန်ထားကြောင်းပြောကြားထားသလို ရိုင်ဘာကီနာကလည်း သူမနဲ့ နည်းပြ ဗူကော့ဗ်တို့လက်တွဲခဲ့တဲ့ ကာလတစ်လျှောက်လုံး နည်းပြဆီကနေ မသင့်တော်တဲ့ အပြုအမူမျိုးလုပ်တာ တစ်ခါမှမရှိခဲ့ဘူးလို့ ပြောထားပါတယ်။ ရိုင်ဘာကီနာနဲ့ နည်းပြဗူကော့ဗ်တို့ဟာ ကာလရှည်လက်တွဲ့ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ယူအက်စ်အိုးပင်းမတိုင်ခင်ကမှ လက်တွဲမှုကိုအဆုံးသတ်ထားခဲ့တာပါ။ အခုနှစ် တင်းနစ်ရာသီမစခင်မှာတော့ သူမရဲ့နည်းပြအဖွဲ့အတွင်း ဗူကော့ဗ်ကို ပြန်လည်ခေါ်ယူဖို့အတွက် ဆန္ဒရှိတယ်လို့ ရိုင်ဘာကီနာ ပြောကြားထားခဲ့ဖူးပါတယ်။