၂၀၂၅ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ရာသီအဖွင့်ပွဲဖြစ်တဲ့ ဩစတြေးလျဂရင်းပရီကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ ရာမှာ မက္ကလာရင်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ နောရစ် အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲမစတင်ခင် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေကြောင့် ပြိုင်ပွဲဝင်တွေအတွက် ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ခဲ့ရသလို ပထမဆုံး ကွင်းတစ်ပတ်မှာပဲ ရေးဆင်းဘူးလ်အသင်းဒရိုင်ဗာ ဟက်ဂျာ မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။

နောက်ထပ်ပြိုင်ပွဲဝင်ဒရိုင်ဗာတွေဖြစ်ကြတဲ့ ဂျက်ဒိုဟန်းနဲ့ ကားလို့စိန့်ဇ်တို့လည်း ပြိုင်ကွင်း ၇ ပတ် မပြည့်ခင်မှာဘဲ မတော်တဆမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ မက္ကလာရင်အသင်းရဲ့ ဒရိုင်ဗာ ၂ ဦးဖြစ်တဲ့ နောရစ်နဲ့ ပီယက်စ်ထရီတို့ကတော့ ပြိုင်ပွဲကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပြီး အဲဒီနောက်မှာ ဖော်မြူလာဝမ်းလက်ရှိချန်ပီယံ ဗာစတက်ပန်က တတိယနေရာကနေ လိုက်နေခဲ့တာပါ။ ပြိုင်ကွင်း ၅၂ ပတ် မြောက် အရောက်မှာတော့ ဗာစတက်ပန်က ဒုတိယနေရာကို ရောက်လာခဲ့ပြီး နိုင်ပွဲအတွက် နောရစ်နဲ့ အကြိတ် အနယ် ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နောရစ်က ပြိုင်ကွင်း ၅၇ ပတ်ပြည့်တဲ့အထိ ပထမနေရာကို ဆက်ထိန်းထား ခဲ့ပြီး ရာသီအဖွင့်ဂရင်းပရီကို နိုင်ပွဲနဲ့စဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် နောရစ်က ၂၅ မှတ်နဲ့ ချန်ပီယံအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ဗာစတက်ပန်က ၁၈ မှတ်နဲ့ ဒုတိယ၊ မာစီးဒီးစ်ဒရိုင်ဗာ ရပ်ဆဲလ်က ၁၅ မှတ်နဲ့ တတိယနေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။