အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို အငှားနဲ့လာရောက်ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ဂိုးသမား ရာယာကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ ဇူလိုင်လ(၄)ရက်နေ့က ပရိသတ်တွေကို တရားဝင် ကြေညာသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဂိုးသမားရာယာကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြီးခဲ့တဲ့ရာသီက ခေါ်ယူခဲ့ပေမဲ့ အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အပြီးသတ်ခေါ်ယူခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရာယာရဲ့ပြောင်းရွှေ့ကြေး အဖြစ် ဘရန့်ဖို့ဒ်အသင်းကို ပေါင်(၂၇)သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

အငှားနဲ့ကစားခဲ့ရာကနေ အာဆင်နယ်အသင်းကို တရားဝင်ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိသလို အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမိတယ်လို့ ရာယာက ပြောပါတယ်။
ရာယာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုးမရှိပွဲစဉ် (၁၆)ပွဲအထိ ကစားနိုင်ခဲ့ပြီး တစ်ရာသီအကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။