ရက်ဘူးလ်အသင်းနဲ့အနာဂတ်က အသင်းနဲ့ ဆွေးနွေးမှု မပြီးခင်အထိ မသေချာဘူးလို့ မက္ကဆီကို ဒရိုင်ဗာ ဆာဂျီယို ပီရက်ဇ်က ဝန်ခံ သွားခဲ့ပါတယ်။အခုတစ်ပတ်အတွင်း ပီရက်ဇ်နဲ့ ရက်ဘူးလ်အသင်းတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ပီရက်ဇ်ရဲ့ အခုရာသီ စွမ်းဆောင်မှုတွေအပေါ် ရက်ဘူးလ်အသင်းဘက်က ကျေနပ်အားရမှု မရှိသလို ပီရက်ဇ်ရဲ့ နေရာမှာ အစားထိုးမှု ပြုလုပ်ဖွယ်ရှိတယ်လို့ သတင်းထွက်နေတာပါ။ပီရက်ဇ် ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရာသီပိတ် ဂရင်းပရီပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီဂရင်းပရီမှာလည်း ပြိုင်ပွဲ ပြီးဆုံးအောင် မယှဉ်ပြိုင်နိုင်ခဲ့သလို တစ်ရာသီလုံးမှာ ရမှတ်ပေါင်း ၁၅၂ မှတ်နဲ့ ဒရိုင်ဗာရပ်တည်မှု အဆင့်-၈ နေရာ မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ဘူးလ်အသင်းရဲ့ အခြားဒရိုင်ဗာ တစ်ယောက်ဖြစ်တဲ့ ဗာစတက်ပန်က ကမ္ဘာ့ချန်ပီယံဆု ရခဲ့ပေမယ့် ပီရက်ဇ်ရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် ရက်ဘူးလ်အသင်းဟာ အသင်းလိုက် ကမ္ဘာ့ချန်ပီယံဆုကို ပြိုင်ဘက် မက္ကလာရင် အသင်းဆီကို လွဲပြောင်းပေး လိုက်ရပါတယ်။ အသက် ၃၄ နှစ်အရွယ် ပီရက်ဇ်ဟာ ရက်ဘူးလ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်း ရှိထားပေမယ့် စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် အနာဂတ်မသေချာမှုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။