ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ စက်တင်ဘာ ၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
ဆင်နာဟာ ဆီမီးဖိုင်နယ်ပွဲအဖြစ် ဗြိတိန် တင်းနစ်သမား ဒါပါနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲကစားနေချိန်အတွင်း ဆင်နာက လက်ကောက်ဝတ်ဒဏ်ရာရခဲ့ ပေမယ့် ပွဲပြီးတဲ့အထိ ကစားသွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဒါပါက နယူးယော့ခ်ရဲ့ အပူချိန်နဲ့ စိုထိုင်းဆ အောက်မှာ ပွဲကစားနိုင်ဖို့ကို ရုန်းကန်နေခဲ့ရပြီး ပွဲကစားနေချိန်အတွင်း ၃ ကြိမ်လောက် အန်ခဲ့ရတဲ့အထိ အဆင်မပြေဖြစ်ခဲ့ရပါတယ်။
ဒါပါအနေနဲ့ ပွဲကို အာရုံစူးစိုက်နိုင်မှုအပိုင်း အားနည်းခဲ့ရပြီး အမှားအယွင်းတွေ များခဲ့တာကြောင့် ဆင်နာကို အမှတ်တွေပေးခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း ပွဲအပြီးမှာ ဆင်နာက (၇း၅၊၇း၆၊၆း၂) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကစားသမားဘဝ ဂရင်းစလမ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို ဒုတိယအကြိမ်မြောက် တက်ရောက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။
ဆင်နာဟာ ကစားသမားဘဝ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့ရတဲ့ ဂရင်းစလမ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဩစတြေးလျအိုးပင်းချန်ပီယံဆုကို ရရှိထားတာဖြစ်ပါတယ်။
ယူအက်စ် အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆင်နာဟာ အမေရိကန်နိုင်ငံသား ဖရစ်ခ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။