ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာဟာ ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲကို ၂ နှစ် ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆီဒင် အဆင့်-၂ ဆာဘာလန်ကာနဲ့ ဆီဒင်အဆင့်-၁၃ ရထားတဲ့ စပိန်တင်းနစ်မယ် နာဗားရိုးတို့ ဆုံတွေ့ခဲ့ကြတာပါ။
အခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ ရနေခဲ့တဲ့ ဆာဘာလန်ကာဟာ အခုပွဲမှာလည်း ပြင်းထန် အားပါတဲ့ ရိုက်ချက်တွေနဲ့ နာဗားရိုးကို ဖိအားပေးသွားနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၁ နာရီခွဲသာ ကြာမြင့်ခဲ့ပြီးနောက် ဆာဘာလန်ကာက (၆း၃၊၇း၆)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ကိုကိုဂတ်ဖ်ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယနဲ့ကျေနပ်ခဲ့ရတဲ့ ဆာဘာလန်ကာဟာ အခုနှစ်ပြိုင်ပွဲမှာ ပုံမှန်လက်စွမ်းရခဲ့ပြီး တတိယအဆင့်ကလွဲလို့ ကျန်တဲ့အဆင့်တွေမှာ ပြိုင်ဘက်တွေကို ၂ ပွဲပြတ် ရလဒ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲအဆင့်မှာတော့ ဆာဘာလန်ကာဟာ ဆီဒင် အဆင့်-၆ ရထားတဲ့ အမေရိကန်တင်းနစ်မယ် ပီဂူလာနဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ပီဂူလာကတော့ ဆီမီးဖိုင်နယ်မှာ ချက်တင်းနစ်မယ် မူချိုဗာကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာခဲ့တာ ဖြစ်ပါ တယ်။