ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ အမေရိကန်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ တတိယအဆင့်ပွဲမှာ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်သွားခဲ့ပါတယ်။
ယူအက်စ်အိုးပင်းရဲ့ လက်ရှိချန်ပီယံ ဖြစ်တဲ့ ကိုကိုဂတ်ဖ်ဟာ အခုနှစ် ဂရင်းစလမ်းပြိုင်ပွဲတွေမှာ အောင်မြင်မှုမရခဲ့တာကြောင့် ယူအက်စ်အိုးပင်းမှာ ချန်ပီယံဆု ကို ကာကွယ်နိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
တတိယအဆင့်ပွဲမှာ ကိုကိုဂတ်ဖ်ဟာ ယူကရိန်းတင်းနစ်မယ် ဗီတိုလီနာနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံးအတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့တာပါ။

ပထမပွဲလတ်မှာ ဗီတိုလီနာ အနိုင်ရခဲ့တာကြောင့်လည်း ကိုကိုဂတ်ဖ်အတွက် ဖိအားများခဲ့ပြီး ဒုတိယပွဲလတ်မှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။
ကိုကိုဂတ်ဖ်ဟာ ဒုတိယပွဲလတ်မှာ အနိုင်ရအောင်ကြိုးစားနိုင်ခဲ့ပြီးနောက် အဆုံးအဖြတ် အဖြစ် တတိယပွဲလတ်ကို ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။
ပွဲကစားချိန် ၂ နာရီခွဲနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး နောက် ကိုကိုဂတ်ဖ်က (၃း၆၊၆း၃၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။
ကိုကိုဂတ်ဖ်ဟာ နောက်တစ်ဆင့်မှာ တစ်နိုင်ငံတည်းသူ နာဗာရိုးနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။