ကမ္ဘာ့အဆင့်-၁ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲ စတုတ္ထအဆင့်မှာ ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲတုန်းက စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဆွီယာတက်ခ်ဟာ အခုနှစ်ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ ရုရှားတင်းနစ်မယ် ဆမ်ဆိုနိုဗာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆွီယာတက်ခ်အတွက် ခက်ခဲတဲ့ပွဲတစ်ခုတော့ မဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ဆမ်ဆိုနိုဗာဟာ ပြီးခဲ့တဲ့အဆင့်တွေမှာ ပြိုင်ဘက်ကို ၂ ပွဲပြတ်တွေနဲ့ အနိုင်ယူလာခဲ့ပေမယ့် အခုအဆင့်မှာတော့ ဆွီယာတက်ခ်ရဲ့ လက်စွမ်းကြောင့် ရုန်းကန်ခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆွီယာတက်ခ်ကတော့ ၂၀၂၂ ခုနှစ်က ချန်ပီယံဆု ရခဲ့တဲ့ လက်စွမ်းမျိုး ကို အခုပွဲမှာ ပြသနိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁ နာရီခွဲအတွင်းမှာပဲ ဆမ်ဆိုနိုဗာကို (၆း၄၊၆း၁) ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။
အခုနှစ် ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ကိုကိုဂတ်ဖ်အပါအဝင် ချန်ပီယံဟောင်းအများစု ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ဆွီယာတက်ခ်ကတော့ ပြိုင်ပွဲအတွင်းမှာ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်မှာတော့ ဆွီယာတက်ခ်ဟာ ဆီဒင်အဆင့်-၆ ရထားတဲ့ အမေရိကန်တင်းနစ်မယ် ပီဂူလာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။