ယူရို ၂၀၂၄ အိမ်ရှင် ဂျာမနီအသင်းဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ပွဲမှာ ဟန်ဂေရီကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲမှာ စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ဂျာမနီအသင်းဟာ ဟန်ဂေရီကိုလည်း ခြေစွမ်းအသာနဲ့ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာပဲ မူစီယာလာရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခွင့်ရခဲ့တာပါ။

ဟန်ဂေရီဘက်က ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂျာမနီဂိုးသမား နူအာ လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ချေပဂိုး မပေးခဲ့ရတာဖြစ်ပါတယ်။
ဂျာမနီအသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ၆၇ မိနစ်မှာ ဂန်ဒိုဂန်က သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဂျာမနီအသင်း အုပ်စုအဖွင့် ၂ ပွဲဆက်အနိုင် ရမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာသွားခဲ့တာပါ။
ဟန်ဂေရီအသင်းကတော့ ၂ ပွဲကစားအပြီး ရမှတ် လုံးဝမရသေးဘဲ အုပ်စုအောက်ဆုံးအဆင့်မှာ ရပ်တည်နေခဲ့ ပါတယ်။