ယူရိုချန်ပီယံဆုကို အရယူဖို့အတွက် အင်္ဂလန်အသင်းအဆင်သင့်ဖြစ်နေပြီလို့ ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်က ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့မှာ စပိန် အသင်းနဲ့ ယူရိုဗိုလ်လုပွဲကို ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းသားတွေဟာ ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ်လို့ ရိုက်စ်က ပြောပါတယ်။
နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ယူရိုဗိုလ်လုပွဲရှုံးနိမ့်မှုကို အခုနှစ်ပြိုင်ပွဲ မှာ ပြန်လည်ချေဖျက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲ ချန်ပီယံဆုတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ဒီဖြစ်ရပ်ကို အဆုံးသတ်နိုင်ဖို့ အင်္ဂလန်ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကတော့ ယူရိုချန်ပီယံဆုကို ရယူပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ခွန်အားတစ်ခုဖြစ်လာစေဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ အခုယူရိုပြိုင်ပွဲမှာ ကစားပုံ မကောင်းခဲ့ပေမယ့် တစ်ပွဲချင်း ပြင်ဆင်မှုတွေနဲ့အတူ ဗိုလ်လုပွဲ အထိ တက်ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဒစ်ကလန်ရိုက်စ်က ပြောသွားခဲ့ပါတယ်။