ဖီအိုရင်တီးနားအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား နီကို ဂွန်ဇာလက်ဇ်ဟာ စီးရီးအေပြိုင်ဘက် ဂျူဗင်တပ်အသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။
ဂွန်ဇာလက်ဇ်ကို အငှားခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်းဟာ ဩဂုတ်လ ၂၅ ရက်နေ့မှာ ဆေးစစ်မှုတွေ ပြီးစီးခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဂွန်ဇာလက်ဇ်ကို တစ်ရာသီအငှားခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်းအနေနဲ့ ယူရို ၈ သန်း ကုန်ကျခဲ့ပြီး ရာသီအကုန်မှာ ယူရို ၃၃ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့အတွက်ကိုပါ သဘောတူညီမှု ရယူထားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဂျူဗင်တပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ဂွန်ဇာလက်ဇ်က အသင်းကို ရောက်ရှိလာခဲ့ တာက နိုင်ပွဲတွေအတွက် ကူညီပေးဖို့ဖြစ်ပြီး ပွဲတိုင်းကို အနိုင်ရဖို့အတွက် ကူညီပေးနိုင်မယ်ဆိုတာ ယုံကြည်ချက်အပြည့်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းမှာ ဂွန်ဇာလက်ဇ်ဟာ ဖီအိုရင်တီးနားအသင်းဖော်ဟောင်း ဗလာဟိုဗစ်နဲ့ ပြန်လည်လက်တွဲခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။
ဂွန်ဇာလက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနားအတွက် သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းမှာလည်း ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။