စပိန်တောင်ပံတိုက်စစ်မှူး ယာမယ်ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ မာတာရိုမြို့က စပိန်ပရိသတ်တွေဟာ စပိန်အသင်းရဲ့ ယူရိုအောင်ပွဲကို အားပေးခဲ့ကြသလို ပွဲအပြီးမှာလည်း အောင်ပွဲခံခဲ့ကြပါတယ်။
မာတာရိုမြို့ခံ ပရိသတ်တွေဟာ သူတို့မြို့ရဲ့နောက်ဆုံးပေါ် ဘောလုံးကြယ်ပွင့်ဖြစ်တဲ့ ယာမယ်ရဲ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြသလို အင်္ဂလန် အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ချန်ပီယံဆိုတဲ့ သီချင်းတွေနဲ့ အားပေးခဲ့ကြတာပါ။

မာတာရိုမြို့ရဲ့ သူရဲကောင်း အသစ်ဖြစ်လာတဲ့ ယာမယ်ဟာ အခုယူရိုပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြနေသလို ယူရိုသမိုင်းရဲ့ အသက် အငယ်ဆုံး ဂိုးသွင်းသူအဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနဲ့ကစားခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ယာမယ်ဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို နီကိုဝီလီယံရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ယူရိုပြိုင်ပွဲမှာ စပိန်အသင်းရခဲ့တဲ့ ချန်ပီယံဆုဟာ ၄ ကြိမ်မြောက် ချန်ပီယံဆုဖြစ်ပြီး စပိန်အသင်းဟာ ၁၉၆၄၊ ၂၀၀၈ နဲ့ ၂၀၁၂ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရရှိထားတာ ဖြစ်ပါတယ်။