လီဗာပူးအသင်းသမိုင်းမှာ ဥရောပပြိုင်ပွဲသွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး ကစားသမားဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိ တယ်လို့ တိုက်စစ်မှူး ဆာလက်ရှ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်ညက ကစားတဲ့ လိုင်လီအသင်းကို အနိုင်ရတဲ့ပွဲမှာ ဆာလက်ရှ်ဟာ ပွဲချိန် ၃၄ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အခုလိုမျိုး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ လီဗာပူးအသင်းဟာ ဆာလက်ရှ်၊ အီးလီးယော့တို့ရဲ့ သွင်းဂိုး တွေနဲ့တူ လိုင်လီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရဖို့ သေချာသွား ခဲ့ပါတယ်။ အသင်းက နိုင်ပွဲရပြီး နောက်တစ်ဆင့်တက်ခွင့် သေချာခဲ့သလို မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့လို့ ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲလို့ ပွဲအပြီးမှာ ဆာလက်ရှ်က ပြောသွားခဲ့တာပါ။

ဆာလက်ရှ်ဟာ လီဗာပူးအသင်းအတွက် ခြေစစ်ပွဲတွေအပါအဝင် ချန်ပီယံလိဂ်သွင်းဂိုး ၄၅ ဂိုးနဲ့ ယူရိုပါလိဂ်သွင်းဂိုး ၅ ဂိုး သွင်းယူ ပေးထားတာဖြစ်ပါတယ်။ဘေဆယ်၊ ဖီအိုရင်တီးနာ၊ ရိုးမားအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဆာလက်ရှ်ဟာ ကစားသမားဘဝ ဥရောပပြိုင်ပွဲ သွင်းဂိုး ၆၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ လီဗာပူးအသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံး အနိုင် ရထားပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားထိပ်မှာ ဦးဆောင် နေပါတယ်။