ပြင်သစ်ဒရိုင်ဗာ အိုဂီယာဟာ တနင်္ဂနွေနေ့က မွန်တီကာလိုရယ်လီ ချန်ပီယံဆုကို စံချိန်တင်အဖြစ် ၁၀ ကြိမ် မြောက်ရယူနိုင်ခဲ့ပါတယ်။ ရယ်လီကမ္ဘာ့ချန်ပီယံဆုကို ၈ ကြိမ်ရရှိထားခဲ့ဖူးတဲ့ အိုဂီယာဟာ ပြိုင်ပွဲနောက်ဆုံးနေ့မှာ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ တိုယိုတာအသင်းဖော် ဗြိတိန်ဒရိုင်ဗာ အီဗန်ကို ကျော်ဖြတ် အနိုင်ရခဲ့တာပါ။

အခုပြိုင်ပွဲက ၂၀၂၅ ကမ္ဘာ့ရယ်လီချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်ပြီး အိုဂီယာအနေနဲ့ ရာသီအဖွင့်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာကျင်းပ ခဲ့တာဖြစ်လို့ အိုဂီယာဟာ အိမ်ရှင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရခဲ့ပါတယ်။ အိုဂီယာဟာ မွန်တီကာလို ရယ်လီပြိုင်ပွဲ ချန်ပီယံဆုကို ၂၀၁၄ ကနေ ၂၀၁၉ အထိ ဆက်တိုက်ရရှိခဲ့သလို ၂၀၂၁ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း ချန်ပီယံဖြစ်ခဲ့တာပါ။

ဒါ့ကြောင့်လည်း အိုဂီယာကို “မွန်တီမာစတာ”လို့ နာမည်ပြောင်ပေးခဲ့ကြပြီး အခုနှစ်မှာလည်း ချန်ပီယံဆုကို ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ် အိုဂီယာကတော့ အခုပြိုင်ပွဲချန်ပီယံဆုက သူ့အတွက် နောက်ဆုံး ချန်ပီယံဆုမဟုတ်သေးဘူးလို့ ယုံကြည်ထားသလို လာမယ့် ရယ်လီပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရယူနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။ အခုနှစ်ရယ်လီပြိုင်ပွဲရဲ့ ဒုတိယမြောက် ပွဲစဉ်ဖြစ်တဲ့ ဆွီဒင်ရယ်လီပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။