မက္ကဆီကိုကလပ် မွန်တာရေးအသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဝါရင့်နောက်ခံလူ ရာမို့စ်က ပြောကြားလိုက်ပါတယ်။ လာမယ့် မတ်လထဲမှာ အသက် ၃၉ နှစ်ပြည့်မယ့် ရာမို့စ်ဟာ မွန်တာရေး အသင်းနဲ့ ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တရားဝင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဆုဖလားတွေ ရယူဖို့အတွက် စိတ်ဆန္ဒ ပြင်းပြနေဆဲဖြစ်သလို အရင်အသင်းတွေနဲ့အတူ ရခဲ့ဖူးတဲ့ ဆုဖလား အောင်မြင်မှုတွေအကြောင်းပြောဖို့ ဒီအသင်းကို ရောက်လာတာမဟုတ်ဘဲ ဆုဖလားအောင်မြင်မှုအသစ်တွေ အကြောင်းပြောဖို့အတွက် ရောက်လာခဲ့တာဖြစ်တယ်လို့ မိတ်ဆက်ပွဲမှာ ရာမို့စ်က ပြောသွားခဲ့ပါတယ်။

မွန်တာရေး အသင်းဟာ မက္ကဆီကို ဘောလုံးလောကမှာ အင်အားအကြီးဆုံးနဲ့ အောင်မြင်မှုအများဆုံး အသင်းတစ်သင်းဖြစ်ပြီး လာမယ့်နွေရာသီမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ပြိုင်ခွင့် ရထားတာဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှာပါဝင်ခဲ့တဲ့ ရာမို့စ်ဟာ ကလပ်အသင်းကစားသမားဘဝ အောင်မြင်မှုတွေ များစွာရယူထားနိုင်ခဲ့သူပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် မေလက ဆီဗီလာအသင်းနဲ့အတူ လာလီဂါပွဲစဉ်တွေ ကစားခဲ့ပြီး နောက်ပိုင်း အဆင့်မြင့်တန်းပွဲတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ မွန်တာရေးအသင်းမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ပြင်ထားတယ်လို့ ရာမို့စ်က ပြောသွားခဲ့ပါတယ်။