အာဆီယံချန်ပီယံရှစ် ၂၀၂၄ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီဇင်ဘာလ ၉ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အုပ်စုအဖွင့်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံးက အနိုင်ရဖို့ ကြိုးစားခဲ့ပြီး တိုက်စစ်ပိုင်းအဆုံးသတ် ပိုသေချာတဲ့ အင်ဒိုနီးရှားအသင်းက အနိုင်ရသွားခဲ့တာပါ။ အင်ဒိုနီးရှားအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန် ၇၆ မိနစ်မှာ လက်ပစ်ဘောကို ခေါင်းတိုက်ရာကနေ လျှံကျလာတဲ့ ဘောလုံးကို ဘာဟာက ဂိုးဧရိယာအတွင်းကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ မြန်မာအသင်းဟာ ကစားပုံပျက်သွားပြီး ချေပဂိုးမသွင်းနိုင်ခဲ့ဘဲ ရှုံးနိမ့် သွားတာဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်းအနေနဲ့ လာမယ့်ဒီဇင်ဘာ ၁၂ ရက်မှာ ဖိလစ်ပိုင် အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင် ၃ မှတ်ကို မဖြစ်မနေရယူဖို့ လိုအပ်နေတာပါ။

နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်နေတဲ့ မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ်၂၀၂၄ ဘောလုံးပြိုင်ပွဲ အုပ်စု(B)မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့ ကျရောက်နေတာဖြစ်ပါတယ်။