အာဆီယံချန်ပီယံရှစ် ၂၀၂၄ ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ လာအိုအသင်းတို့ ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်း ၃၂ မိနစ်မှာ လွင်မိုးအောင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တန်ပြန်တိုက်စစ်တွေ ကတစ်ဆင့် ဒုတိယပိုင်း ၇၇ မိနစ်နဲ့ ၈၁ မိနစ်တွေမှာ လာအိုအသင်းဘက်ကို နှစ်ဂိုးဆက်တိုက် ပြန်လည်ခွင့်ပြု ပေးလိုက်ရတာပါ။လာအိုဘက်ကို ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာတော့ မြန်မာအသင်းချေပဂိုးနဲ့ အနိုင်ရဂိုးရဖို့ တင်ကစားခဲ့ပြီး တိုက်စစ်မှူးဝင်းနိုင်ထွန်းက ပွဲကစားချိန် ၈၇ မိနစ်မှာ ချေပဂိုး၊ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးကို ဆက်တိုက်သွင်းယူ ပေးနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ မြန်မာအသင်းက သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

အခုနိုင်ပွဲဟာ မြန်မာအသင်းအတွက် ဒီပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲဖြစ်ပြီး လက်ရှိအုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်မှာ တစ်ပွဲရှုံး၊ တစ်ပွဲသရေ၊ တစ်ပွဲနိုင်နဲ့ ရမှတ် ၄ မှတ် ရရှိထားပါတယ်။မြန်မာအသင်းဟာ လာမယ့်ဒီဇင်ဘာ၂၁ရက်မှာ ဗီယက်နမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်ရေးအတွက် ဗီယက်နမ်နဲ့ပွဲမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။