AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ ပထမပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဖူဆယ်အသင်းအနေနဲ့ ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ကျန်ပွဲစဉ် (၂)ပွဲကို အနိုင်ရရှိဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ခြေစစ်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇန်နဝါရီ(၁၅)ရက်မှာ စတင်ကျင်းပခဲ့ရာ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ ဗီယက်နမ်အသင်းကို (၅)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာပါ။
ဒါ့ကြောင့် ကျန်ပွဲစဉ်တွေဖြစ်တဲ့ တရုတ်တိုင်ပေအသင်းနဲ့ မကာအိုအသင်းတို့ကို အနိုင်ကစားနိုင်မှသာ အုပ်စုတက်မှာ ဖြစ်ပါတယ်။အဖွင့်ပွဲမှာ ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် လာမယ့်ပွဲစဉ်မှာ တရုတ်တိုင်ပေအသင်းကို အနိုင်ရရှိမယ်ဆိုရင် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်တွေ အများကြီးရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာဖူဆယ်အသင်းမှ မီဒီယာတာဝန်ခံ ကိုသီဟအောင်က ပြောပါတယ်။ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ အုပ်စု(D)မှာ ကျရောက်နေပြီး ရမှတ်အများဆုံးအသင်း (၂)သင်းက အုပ်စုတက်မှာ ဖြစ်ပါတယ်။
AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲတွေကို အိမ်ရှင်နိုင်ငံတွေအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့မှာ ကျင်းပနေတာဖြစ်ပါတယ်။ ခြေစစ်ပွဲမှာ အသင်း(၁၉)သင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး (၅)သင်း (၃)အုပ်စုနဲ့ (၄)သင်း (၁) အုပ်စု ခွဲကာ ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။