ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းရဲ့ စပိန်ကွင်းလယ်လူ မီရီနိုကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ ဩဂုတ်လ(၂၂)ရက်နေ့မှာ ဖော်ပြခဲ့တဲ့သတင်းတွေအရ သိရပါတယ်။
မီရီနိုဟာ ပြီးခဲ့တဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အခုဘောလုံးရာသီသစ်အတွက် အသင်းရဲ့ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့ ဆန္ဒရှိနေပြီး ကွင်းလယ်ကစားသမားသစ်တစ်ယောက်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အခုအချိန်မှာ ဖော်ပြနေတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းဟာ မီရီနိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၂) ဒသမ(၆)သန်းကို ဆိုစီဒက်အသင်းဆီ ပေးချေသွားရမယ်လို့ သိရပါတယ်။
မီရီနိုဟာ ဆိုစီဒက်အသင်းရဲ့ လာလီဂါ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဗယ်လီကာနိုနဲ့ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ မပါဝင်လာခဲ့သလို အာဆင်နယ်အသင်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။