မိုနာကိုဂရင်းပရီပွဲစဉ်မှာ အနိုင်ရဖို့က ငယ်ဘဝအိပ်မက်တစ်ခုဖြစ်ခဲ့တယ်လို့ မက္ကလာရင်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လန်ဒို နော်ရစ်က ပြောသွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် နော်ရစ်ဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မိုနာကို ဂရင်းပရီပွဲစဉ်မှာ အနိုင်ရခဲ့ပြီးနောက် မိုနာကိုဂရင်းပရီမှာ အနိုင်ရတဲ့ ၁၆ ယောက်မြောက် မက္ကလာရင်အသင်း ဒရိုင်ဗာ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် နော်ရစ်ဟာ ၂၀၀၈ ခုနှစ်မှာ အနိုင်ရခဲ့တဲ့ ဟာမီလ်တန်နောက်ပိုင်း မိုနာကို ဂရင်းပရီကို အနိုင်ရတဲ့ ပထမဆုံး မက္ကလာရင်အသင်း ဒရိုင်ဗာလည်း ဖြစ်ခဲ့ပါတယ်။ မိုနာကိုဂရင်းပရီပွဲစဉ်က ဖော်မြူလာဝမ်းပွဲစဉ် ပြက္ခဒိန်တွေထဲမှာ ကျော်ကြားပြီး ဂုဏ်သတင်းကြီးမားတဲ့ ပြိုင်ပွဲဖြစ်ကာ နော်ရစ်က သူ့နာမည်ကို ဒီသမိုင်းထဲမှာ ထည့်သွင်းနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောသွားခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရချိန်မှာ ငယ်ဘဝအိပ်မက်တစ်ခု ပြည့်စုံသွားသလိုမျိုး ခံစားရပြီး ဒီခံစားချက်က တကယ့်ကို ထူးခြား ပါတယ်လို့လည်း နော်ရစ်က ပြောလိုက်ပါတယ်။

လန်ဒိုနော်ရစ်ဟာ ပွဲစတင်တာထွက်ချိန်မှာ ဦးဆောင်သူနေရာက တာထွက်ခွင့်ရခဲ့သလို ပြိုင်ပွဲပြီးဆုံးချိန်မှာလည်း ပထမနေရာကနေ ပန်းဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲ အနိုင်ရတဲ့အတွက် နော်ရစ်ဟာ ဂရင်းပရီပွဲစဉ် ၇ ခုအပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုဇယားမှာ ဦးဆောင်သူ ဖြစ်တဲ့ မက္ကလာရင်အသင်းဖော် ပီယက်စ်ထရီနဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။