မာစီးဒီးစ်အသင်းဟာ ၂၀၂၅ ဖော်မြူလာဝမ်းရာသီအတွက် အသင်းပြိုင်ကားသစ်ကို တနင်္လာနေ့က တရားဝင် မိတ်ဆက်ခဲ့ပြီး အသင်းဒရိုင်ဗာ ရပ်ဆဲလ်ကတော့ ပြိုင်ကားသစ်အပေါ် စိတ်တိုင်းကျတယ်လို့ ပြောသွားခဲ့ပါတယ်။ မာစီးဒီးစ်အသင်းရဲ့ ပြိုင်ကားသစ် W16 E ဟာ ပြီးခဲ့တဲ့နှစ်ကနဲ့မတူဘဲ အသင်းကို အပြောင်းအလဲတွေ ယူဆောင် ပေးလာလိမ့်မယ်လို့ ရပ်ဆဲလ်က ပြောသွားခဲ့တာပါ။

မာစီးဒီးစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရာသီမှာ ဂရင်းပရီနိုင်ပွဲ ၄ ပွဲသာ ရယူနိုင်ခဲ့ပြီး ရပ်ဆဲလ်နဲ့ ဟာမီလ်တန်တို့က ၂ ပွဲစီ နိုင်ပွဲရယူပေးထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မာစီးဒီးစ်အသင်းပြိုင်ကားက အားနည်းချက်တွေရှိခဲ့သလို အသင်းလိုက်ရပ်တည်မှုမှာလည်း မက္ကလာရင်၊ ရက်ဘူးလ်နဲ့ ဖာရာရီအသင်းတို့နောက် စတုတ္ထနေရာမှာသာ ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ နောက် ပိုင်း ပြဿနာတွေကို အချိန်မီ မပြင်ဆင်နိုင်ခဲ့ဘဲ အခုနှစ်မှာတော့ အသစ်တစ်ခုကို ဖန်တီးပြီး ဖြေရှင်းနိုင်လိုက်ပြီ ထင်ပါတယ်လို့ ပြိုင်ကားသစ်နဲ့ ပတ်သက်လို့ ရပ်ဆဲလ်က ထင်မြင်ချက်ပေးသွားခဲ့ပါတယ်။ မာစီးဒီးစ်အသင်းဟာ အခုနှစ်မှာ ဒရိုင်ဗာအပြောင်းအလဲ ပြုလုပ်ထားပြီး ဟာမီလ်တန်ရဲ့နေရာမှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ အန်တို နယ်လီကို အစားထိုးထားပါတယ်။