မန်ယူအသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်က လာမယ့်ဘောလုံးရာသီအပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် အခုအချိန်မှာ မန်ယူအသင်းအတွက်ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အဲရစ်ဆင်ဟာ အသင်းမှာကွင်းလယ်ကစားသမား များပြားနေတာကြောင့် ပွဲထွက်ခွင့်ရဖို့ မသေမချာဖြစ်နေခဲ့တာပါ။ မန်ယူအသင်းနဲ့ တစ်နှစ်စာချုပ် ကျန်နေသေးသလို အသင်းကလည်း စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းထားတာမရှိသေးတဲ့အပြင် ထွက်ခွာဖို့ကိုလည်း ပြောမထားသေးတာကြောင့် အခုအချိန်မှာ မန်ယူအသင်းအတွက်ကိုပဲ အာရုံစိုက်ထားတယ်လို့ အဲရစ်ဆင်က ပြောကြားသွားခဲ့ပါတယ်။
အဲရစ်ဆင်ဟာ (၂၀၂၂)ခုနှစ်မှာ ဘရန့်ဖို့ဒ်အသင်းကနေ မန်ယူအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၇၂)ပွဲ ကစားပေးခဲ့ပါတယ်။