ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်ကျူးလွန်ထားတဲ့ မန်စီးတီးအသင်းရဲ့အမှုကို ဒီဇင်ဘာလ(၉)ရက် နေ့က ကြားနာမှု ပြီးဆုံးခဲ့ပြီလို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့အမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆) ရက်နေ့ကတည်းက စတင်ကြားနာနေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ စစ်ဆေးမှုတွေ ပြီးမြောက်သွားခဲ့တာပါ။ မန်စီးတီး အသင်းဟာ (၂၀၀၉-၂၀၁၀)ဘောလုံးရာသီက စတင်ကာ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလအထိ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းပေါင်း(၁၁၅)ချက်ကို ချိုးဖျက်ခဲ့ကြောင်း စွဲချက်တင်ခံခဲ့ရတာကြောင့် ကြားနာမှုတွေကို ပြုလုပ်နေခဲ့ရတာ ဖြစ်ပါတယ်။

ကြားနာမှုတွေ ပြီးဆုံးသွားပြီဖြစ်တာကြောင့် လာမယ့်(၂၀၂၅)ခုနှစ်၊ ဖေဖော်ဝါရီလမှာ တရားဝင် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ကြားနာမှုတွေကို စတင်ချိန်ကတည်းက ကြိုဆိုသွားခဲ့သလို မန်စီးတီးအနေနဲ့ အမှားအယွင်းတွေ ပြုလုပ်ထားတာမျိုး မရှိဘူးဆိုတာကို ယုံကြည်တယ်လို့ လည်း ပြောခဲ့ဖူးပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဒီအမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် ရမှတ်လျှော့ ပြစ်ဒဏ်အပြင် တန်းဆင်းပြစ်ဒဏ်ကိုပါ ကျခံရဖွယ် ရှိနေပါတယ်။