စပါးအသင်းရဲ့ ဂိုးသမား ဗစ်ကာရီယိုဟာ ခြေကျင်းဝတ်ရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ကာလ တစ်ခုကြာ အနားယူရတော့မှာဖြစ်ပါတယ်။ အီတလီဂိုးသမား ဗစ်ကာရီယိုဟာ မန်စီးတီးအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲရဲ့ ပွဲချိန်ပထမပိုင်းမှာ ဒီဒဏ်ရာကို ရခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ခြေကျင်းဝတ်ရိုးကျိုး ဒဏ်ရာနဲ့ပဲ ဗစ်ကာရီယိုက ပွဲပြီးတဲ့အထိ စပါးအသင်းအတွက် ကစားပေးခဲ့တာပါ။
ဒါပေမဲ့ မန်စီးတီးကို အနိုင်ရ ပြီးနောက် ၄၈ နာရီအကြာမှာပဲ ဗစ်ကာရီယိုရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရ ပါတယ်။ ဗစ်ကာရီယိုအနေနဲ့ အချိန်ကာလ ဘယ်လောက်ကြာ အနားယူရမယ်ဆိုတာကို စပါးအသင်းဘက်က မထုတ်ပြန်သေးပေမယ့် ဗစ်ကာရီယိုကတော့ အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးနိုင်ဖို့အတွက် အသင်းဆေး အဖွဲ့ရဲ့ အကူအညီနဲ့ ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။
အသက် ၂၈ နှစ်အရွယ် ဗစ်ကာရီယိုဟာ အခုရာသီစပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲစလုံး ပွဲထွက် ကစားခွင့်ရထားသလို ဂိုးမပေးရတဲ့ပွဲ ၃ ပွဲအထိ စွမ်းဆောင်ပေးထားသူပါ။ စပါးအသင်းအနေနဲ့ ဗစ်ကာရီယို ဒဏ် ရာရနေချိန်မှာ ဝါရင့်ဂိုးသမား ဖော်စတာကို ပွဲထွက်စာရင်းမှာ အသုံးပြုဖွယ် ရှိနေပါတယ်။