ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ နောက်ထပ် အံ့အားသင့်ဖွယ်ရလဒ်အဖြစ် အမေရိကန် ဆယ်ကျော်သက် တီယန်က ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲအဖြစ် တီယန်နဲ့ ဆီဒင်အဆင့်-၅ ရထားတဲ့ မက်ဗီဒက်ဗ်တို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ပွဲက အကြိတ် အနယ် ရှိခဲ့ပါတယ်။

ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲကို ၃ ကြိမ်တက်ရောက်ခဲ့ဖူးတဲ့ မက်ဗီဒက်ဗ်ဟာ အခုပွဲမှာ လက်ရည်စစ်ပွဲကတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ တီယန်ကို ပထမပွဲလတ် ၂ ပွဲဆက် ရှုံးခဲ့ပြီး နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲလတ် ၅ ပွဲအထိ ကစားခဲ့ရတာကြောင့် ပွဲကစားချိန် ၅ နာရီနီးပါး ကြာမြင့်ခဲ့တဲ့ အခုပွဲက ဒေသစံတော်ချိန် မနက်(၂)နာရီ(၄၅)မိနစ်မှ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တီယန်က (၆း၃၊၇း၆၊၆း၇၊၁း၆၊၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့တာပါ။ ကမ္ဘာ့အဆင့် ၁၂၁ မှာရပ်တည်နေတဲ့ တီယန်အတွက်ကတော့ ကမ္ဘာ့အဆင့်-၅ မှာရပ်တည်နေတဲ့ မက်ဗီဒက်ဗ်ကို အနိုင်ရမှုက ကစားသမားဘဝ အကြီးမားဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ တတိယအဆင့်မှာတော့ တီယန်ဟာ ပြင်သစ်နိုင်ငံသား မော့တက်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။