အခုအပြောင်းအရွှေ့မှာ ပဲလေ့စ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ပြင်သစ်တောင်ပံ ကစားသမား အိုလစ်ဆီဟာ ဩဂုတ်လ(၁၅)ရက်က အသင်းနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းလာခဲ့ပါတယ်။
နည်းပြ ကွန်ပနီလက်ထက်မှာ အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အိုလစ်ဆီကို ခေါ်ယူခဲ့တာပါ။
အိုလစ်ဆီဟာ ပြင်သစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲ ကစားခဲ့တာကြောင့် အခုအချိန်မှာမှ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပူးပေါင်း နိုင်ခဲ့တာဖြစ်ပါတယ်။
ကစားသမားသစ်ဖြစ်လာခဲ့တဲ့ အိုလစ်ဆီက အရည်အချင်းရှိတဲ့လူ တစ်ယောက်ဖြစ်တာ ကြောင့် အသင်းအတွက် အကျိုးပြုလာလိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက ယုံကြည်နေပါတယ်။
အသင်းဖော် ဖြစ်လာတဲ့ မူစီယာလာကလည်း ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီမှာကတည်းက သိကျွမ်း လာခဲ့တာကြောင့် တွဲဖက်ကစားရမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ အိုလစ်ဆီက ပြောခဲ့ပါတယ်။