ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်က အသင်းမှာရှိနေတဲ့အချိန်အတွင်း ဖလားရရှိမှုနည်းတဲ့ အပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဂျောင်ဟာ ဘာစီလိုနာအသင်းကို (၂၀၁၉)မှာကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၅)နှစ်ကြာ ကစားခဲ့ပေမယ့် ဖလား(၃)လုံးသာ ဆွတ်ခူးနိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ငယ်ဘဝကတည်းက ကစားချင်ခဲ့တဲ့အသင်းဖြစ်သလို အသင်းမှာနေရတဲ့အပေါ် ပျော်ရွှင်မိ ပေမယ့် အသင်းမှာရှိနေတဲ့ (၅)နှစ်အတွင်း လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကိုသာ ရယူနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဒီဂျောင်က ပြောပါတယ်။

သူ့အနေနဲ့ အခုအချိန်မှာရယူနိုင်ခဲ့တဲ့ ဖလား အရေအတွက်ထက် (၂)ဆ ပိုရခဲ့သင့်ပေမယ့် မရခဲ့တာက စိတ်ပျက်စရာပဲလို့ ဒီဂျောင်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ ဒီဂျောင် ဟာ ဘာစီလိုနာကစားသမားဘဝ နောက်ပိုင်းကာလတွေမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရသလို ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်(၂၀၂၆)ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီဂျောင်ကို ခေါ်ယူဖို့အတွက် ဥရောပကလပ်အသင်းတချို့က ကမ်းလှမ်းတာတွေ လုပ်ခဲ့ကြပေမယ့် ကစားသမားဘက်က ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားခဲ့ပါတယ်။