ဒီဇင်ဘာလ(၁၀)ရက်အထိ တွက်ချက်ထားတဲ့ အချက်အလက်တွေအရ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ဒဏ်ရာရရှိမှုအများဆုံးအသင်းတွေအဖြစ် ဘရိုက်တန်အသင်းနဲ့ အစ်ဆွစ်အသင်းတို့က ထိပ်ဆုံးကနေ ရပ်တည် နေကြပါတယ်။
ဘရိုက်တန်အသင်းနဲ့ အစ်ဆွစ်အသင်းတို့ဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒဏ်ရာရရှိမှု အကြိမ်ရေ (၁၇)ကြိမ်အထိ ကြုံတွေ့ခဲ့ရတာပါ။ ဒီစာရင်းမှာ ဘရိုက်တန်နဲ့ အစ်ဆွစ်အသင်းတို့က ဒဏ်ရာရရှိမှု အများဆုံးအသင်းတွေအဖြစ် ရပ်တည်နေသလို စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း ဒဏ်ရာရရှိမှု (၁၆)ကြိမ်နဲ့ ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
ဗီလာအသင်းက (၁၅)ကြိမ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အခုဘောလုံးရာသီမှာ အသင်းရဲ့အဓိက ကစားသမား ရိုဒရီကို ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးထားခဲ့ရတဲ့ မန်စီးတီးအသင်းက ဒဏ်ရာရရှိမှု (၁၄)ကြိမ်နဲ့ စတုတ္ထ အများဆုံးအသင်းအဖြစ်ရပ်တည်နေ ပါတယ်။ တခြားအသင်းတွေထဲမှာတော့ လီဗာပူးနဲ့မန်ယူအသင်းတို့က (၁၁)ကြိမ်၊ ချယ်လ်ဆီးအသင်းက (၈)ကြိမ် အသီးသီး ရရှိထားကြပါတယ်။ ဒီအချက်အလက်တွေကို Premier Injuries ဆိုတဲ့ Website က ဖော်ပြခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတိုင်းရဲ့ ဒဏ်ရာရရှိမှု အကြိမ်ရေကို မှတ်တမ်းပြုစုထားတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကစားသမားတွေဟာ အခုဘောလုံးရာသီမှာ တံကောက်ကြောဒဏ်ရာကို အများဆုံး ရခဲ့ကြတာပါ။ အခုလိုဒဏ်ရာရရှိမှုစာရင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီကထက်တော့ ဒဏ်ရာရရှိမှုအကြိမ်ရေက လျော့နည်းခဲ့တယ်လို့ သိရပါတယ်။