စကော့တလန် ဆဲလ်တစ်အသင်းကနေ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းကို ပြောင်းရွှေ့လာခွင့် ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ကွင်းလယ်လူ အိုရီလေးက ပြောကြားလိုက်ပါတယ်။
လန်ဒန်မှာ မွေးဖွားတဲ့ ဒိန်းမတ်လက်ရွေးစင် အိုရီလေးဟာ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အိုရီလေးဟာ ဆဲလ်တစ် အသင်းနဲ့အတူ စကော့တလန်ပရီးမီးယားလိဂ် ချန်ပီယံဆု ၃ ကြိမ်အပါအဝင် ဆုဖလား ၆ လုံးအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆဲလ်တစ်အသင်းအတွက် ၁၂၄ ပွဲမှာ ၂၇ ဂိုး သွင်းယူပေးခဲ့တဲ့ အိုရီလေးက ဘရိုက်တန် အသင်းကို ရောက်လာခွင့်ရတာက ကစားသမားဘဝ အခွင့်အရေးကောင်းတစ်ခုဖြစ်သလို ဒီအသင်းကို ရောက်လာဖို့အတွက်ကိုလည်း အမြဲတမ်းမျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အိုရီလေးဟာ ၂၀၂၂ မှာ အမ်ကေဒွန်းစ် အသင်းကနေ ဆဲလ်တစ်အသင်းကို ပေါင် ၁ သန်းခွဲနဲ့ရောက်လာခဲ့တာဖြစ်ပြီး အခုနွေမှာတော့ ဆဲလ်တစ်အသင်းရဲ့ ကလပ်စံချိန်တင် ရောင်းချမှုအဖြစ် ပေါင် ၂၅ သန်းနဲ့ ဘရိုက်တန်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။