အိုလံပစ်မြင်းအလှစီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ၃ ကြိမ်ရရှိထားတဲ့ ဗြိတိန်နိုင်ငံသူ ဒူဂျာဒင်ကို ၁ နှစ်ပွဲပယ်နဲ့ ဒဏ်ကြေး ဆွစ်ဖရန့်စ် ၁ သောင်းပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ထွက်ပေါ် လာခဲ့တဲ့ ရုပ်သံဖိုင်မှာ မြင်းစီးလေ့ကျင့်ရေးကွင်းအတွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေစဉ် ဒူဂျာဒင်က မြင်းကို ကြာပွတ်နဲ့ ရိုက်နေတဲ့ ပုံရိပ်တွေပါဝင်လာခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံ တကာမြင်းစီးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ အခုလိုမျိုး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် ဒူဂျာဒင်ကလည်း ပွဲပယ်ပြစ်ဒဏ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒူဂျာဒင်ဟာ ဇူလိုင်လထဲက ယာယီပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံထားရတာဖြစ်လို့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အရ လာမယ့် ၂၀၂၅ ဇူလိုင်လမှသာ ပြိုင်ပွဲတွေကို ပြန်လည်ယှဉ်ပြိုင်ခွင့် ရတော့မှာဖြစ်ပါတယ်။

မရည်ရွယ်ဘဲနဲ့ ပြုလုပ်မိခဲ့တဲ့ အမှားတစ်ခုအတွက် ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူသွားမှာဖြစ်တယ်လို့ ဒူဂျာဒင်က ပြောသွားခဲ့ပါတယ်။ ဒူဂျာဒင်ဟာ မြင်းစီကစားသမားဘဝ အိုလံပစ်ဆုတံဆိပ် ၆ ခုအထိ ရရှိထားပြီး ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ် ၂ ခု ရယူထားခဲ့တာဖြစ်ပါတယ်။