ကိုလံဘီယာ လက်ရွေးစင်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ စပိန်လာလီဂါကလပ် ဗယ်လီကာနိုအသင်းကို ပြောင်းရွှေ့လာခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ရိုဒရီဂွက်ဇ်ဟာ ဘရာဇီးကလပ် ဆော်ပေါ်လို အသင်းနဲ့ အခုနွေရာသီမှာ စာချုပ်ပြည့်ခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
အသင်းလက်မဲ့ ဖြစ်နေခဲ့ ပေမယ့် ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လက ကျင်းပခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဗယ်လီကာနိုအသင်းဟာ အခုရာသီ လာလီဂါ ၂ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၄ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ကွင်းလယ်တိုက်စစ်အတွက် ရိုဒရီဂွက်ဇ်ကို ခေါ်ယူအားဖြည့်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရတဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ရိုဒရီဂွက်ဇ်ကလည်း ဗယ်လီကာနို အသင်းကို ရောက်လာခွင့်ရခဲ့ပြီး လာလီဂါမှာ ပြန်ကစားရတော့မှာဖြစ်လို့ ဝမ်းသာမိသလို အသင်းအတွက် အကောင်းဆုံးကူညီနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။
အဲဗာတန်၊ ကာတာကလပ် အယ်ရေယန်နဲ့ ဂရိကလပ် အိုလံပီယာကို့စ်အသင်းတွေမှာ ကစားခဲ့တဲ့ ရိုဒရီဂွက်ဇ်ဟာ ၂၀၂၃ မှာ ဆော်ပေါ်လိုအသင်းကို ရောက်လာခဲ့ပြီးနောက် အခုနွေမှာ လာလီဂါကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။