အာဆင်နယ်အသင်းရဲ့ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား စမစ်ရိုးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဖူဟမ် အသင်းက ဇူလိုင်လ(၂)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
စမစ်ရိုးဟာ အာဆင်နယ်အသင်းအကယ်ဒမီထွက် ကစားသမားဖြစ်ပေမယ့် နည်းပြအာတီတာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တာကြောင့် ဖူဟမ်အသင်းကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဖူဟမ်အသင်းဟာ စမစ်ရိုးကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်း အရင်ဆုံး ပေးချေခဲ့ရပြီး အပိုဆုကြေးတွေပါမယ်ဆိုရင် ပေါင်(၃၄)သန်းလောက် အာဆင်နယ်အသင်းကို ပေးချေ ရမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
စမစ်ရိုးရဲ့ပြောင်းရွှေ့ကြေးက ဖူဟမ်အသင်းသမိုင်း တစ်လျှောက် စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့သလို (၅)နှစ်စာချုပ်အပြင် ကြိုက်နှစ်သက်တယ်ဆိုရင် (၁)နှစ်သက်တမ်း တိုးခွင့်ကိုလည်း စာချုပ်ထဲထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။