ဖာရာရီအသင်းဆီအပြောင်းအရွှေ့က အားမာန်တစ်ခုဖြစ်စေခဲ့တယ်လို့ ဗြိတိန်ဒရိုင်ဗာ ဟာမီလ်တန်က ပြောကြား လိုက်ပါတယ်။ လန်ဒန်မြို့က O2 (အိုတူး) အရီနာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၅ ဖော်မြူလာဝမ်းရာသီသစ်အတွက် မိတ်ဆက်ပွဲမှာ ဖာရာရီအသင်းဒရိုင်ဗာအဖြစ် မိတ်ဆက်ခဲ့ပြီးနောက် ဟာမီလ်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

၁၉၅၀ ကနေ စတင်ကျင်းပခဲ့တဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မိတ်ဆက် ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၀ သင်းစလုံးက အသင်းရဲ့ ပြိုင်ကားသစ်တွေကိုယ်စီနဲ့ အသင်းဒရိုင်ဗာ တွေကို တရားဝင်မိတ်ဆက်သွားခဲ့ကြပါတယ်။ ဖာရာရီအသင်းကလည်း အသင်းရဲ့ဒရိုင်ဗာတွေ ဖြစ်ကြတဲ့ လက်စ် လားနဲ့ ဟာမီလ်တန်တို့ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားခဲ့တာပါ။ အားလုံးအတွက် မင်္ဂလာရှိတဲ့ ညနေခင်း ဖြစ်သလို အခုချိန်မှာ စိတ်ထဲတွေးနေမိတဲ့ စကားတစ်ခုက ရှေ့ဆက်ဖို့ စိတ်အားထက်သန်နေတယ် ဆိုတဲ့ စကားပါ ပဲလို့ ဟာမီလ်တန်က ပရိသတ်တွေကို ပြောသွားခဲ့ပါတယ်။

ဖာရာရီအသင်းနဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက်ကို လည်း စိတ်လှုပ်ရှားမိပါတယ်လို့ မာစီးဒီးစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟာမီလ်တန်က ပြောသွားခဲ့ပါတယ်။ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်ရရှိထားတဲ့ ဟာမီလ်တန်က ဖာရာရီအသင်းနဲ့အတူ ၈ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။