ဗြိတိန်ဒရိုင်ဗာ လူးဝစ် ဟာမီလ်တန်က ဖာရာရီအသင်းနဲ့အတူ ခေတ်သစ်တစ်ခုကို စတင်နိုင်ဖို့ မျှော်မှန်းထားတယ် လို့ ပြောကြားလိုက်ပါတယ်။ အသက် ၄၀ အရွယ် ဟာမီလ်တန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့က အသင်းသစ် ဖာရာရီ အသင်းရဲ့ ရုံးကို ရောက်ရှိလာခဲ့ပြီးနောက် အခုလိုမျိုး ပြောကြားလိုက်တာပါ။

၂၀၂၄ ဖော်မြူလာဝမ်း ရာသီအကုန် မှာ မာစီးဒီးစ်အသင်းနဲ့ စာချုပ်ပြည့်ခဲ့တဲ့ ဟာမီလ်တန်ဟာ မာစီးဒီးစ်ရဲ့ ပြိုင်ဘက် ဖာရာရီအသင်းကို ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး အသင်းသစ်နဲ့အတူ အကောင်းဆုံး စတင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီနေ့က သမိုင်းဝင် အသင်းတစ်သင်းနဲ့အတူ ခေတ်သစ်တစ်ခုကို စတင်ဖို့ ပထမဆုံးနေ့ဖြစ်ပြီး ဖာရာရီအသင်းနဲ့အတူ မှတ်တမ်းတွေ ရေးထိုးနိုင်ဖို့အတွက် မစောင့်နိုင်အောင် ဖြစ်မိပါတယ်လို့ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ် အထိရရှိ ထားတဲ့ ဟာမီလ်တန်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

အသင်းသစ်နဲ့ ပထမဆုံးနေ့မှာ ဟာမီလ်တန် ဟာ သူ့ကိုလာရောက်ကြိုဆိုခဲ့ကြတဲ့ ပရိသတ်တွေနဲ့ ဆုံတွေ့ခဲ့သလို အသင်းတာဝန်ရှိသူတွေနဲ့လည်း နှုတ်ဆက်မှု တွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ မက္ကလာရင်၊ မာစီးဒီးစ်အသင်းတွေနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ဖူးတဲ့ ဟာမီလ်တန်အတွက် ဖာရာရီက တတိယမြောက် ဖော်မြူလာဝမ်းအသင်းလည်း ဖြစ်လာခဲ့ပါတယ်။