မန်ယူအသင်းကို ပြောင်းရွှေ့လာဖို့အတွက် ရွေးချယ်မှုတွေမှာ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ရဲ့ တိုက်တွန်းမှု တွေလည်း ပါတယ်လို့ နောက်ခံလူသစ် ယိုရိုက ပြောခဲ့ပါတယ်။
ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့အတူ ခြေစွမ်း ပြနိုင်ခဲ့တဲ့ ယိုရိုကို ရီးရဲလ်အပါအဝင် ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့နောက်ဆုံးမှာ ယိုရိုက မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ရောက်ရှိလာခဲ့ပြီးနောက် အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ အခုလိုမျိုး ပြောသွားခဲ့တာပါ။
မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် မချခင် ၂ ပတ်အလိုမှာ ဖာဒီနန်က ဖုန်းခေါ်ခဲ့ပြီး မန်ယူအသင်းရဲ့ သမိုင်းကြောင်းနဲ့ အခြေအနေကို ရှင်းပြခဲ့တဲ့ အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အကူအညီဖြစ်စေခဲ့တယ်လို့ ယိုရိုက ပြောသွားခဲ့တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ယိုရိုဟာ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ ရိန်းဂျားစ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ မန်ယူအသင်းနဲ့ အတူ ပထမဆုံးပွဲကို ဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့တာဖြစ်ပါတယ်။
လာမယ့်ရာသီမှာ မန်ယူအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ဖို့ကိုလည်း ကြိုးစားသွားမယ်လို့ ယိုရိုက ပြောကြားထားပါတယ်။