ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင် နိုင်ခဲ့ပြီးနောက် တိုက်စစ်မှူး မူလာက ပရိသတ်တွေနဲ့အတူ ပွဲကြည့်စင်ပေါ်မှာ အောင်ပွဲခံခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဖရိုင်းဘတ်အသင်းကို ၂ ဂိုးပြတ်အနိုင်ရတဲ့ပွဲစဉ်မှာ မူလာက ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၇၁၀ ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄၅ နှစ်က ဂျာမနီတိုက်စစ်မှူးကြီး မိုင်ယာရဲ့ ၇၀၉ ပွဲစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး မူလာက ဘိုင်ယန်အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲအများဆုံး ကစားပေးသူ ဖြစ်လာခဲ့တာပါ။
မူလာဟာ ဖရိုင်းဘတ်အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲ ဝင်လာခဲ့ပြီးနောက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာ မူလာက ဘိုင်ယန်အသင်းပရိသတ်တွေအားပေးနေတဲ့ ပွဲကြည့်စင်ပေါ်တက်ခဲ့ပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့သလို ဘိုင်ယန်အသင်းသားတွေကလည်း ကွင်းထဲကနေ မူလာကို ဂုဏ်ပြုခဲ့ကြပါတယ်။
အသက် ၃၄ နှစ်အရွယ် မူလာဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၈ ခုနှစ်မှာ ဘိုင်ယန်အတွက် ပထမဆုံးပွဲထွက်ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း ၇၁၀ မှာ ၂၄၅ ဂိုး သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။