ဩစတြေးလျအိုးပင်းပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ပြီးနောက်မှာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ အနားယူသွားပြီဖြစ်တဲ့ ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာရဲ့ စံချိန်မှတ်တမ်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်အတွက် ဖာရီယာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအဆင့်ပွဲစဉ်က ကစားသမားဘဝ ဂရင်း စလမ်း တစ်ဦးချင်းပွဲစဉ် ၄၃၀ ပြည့်ခဲ့တာဖြစ်ပြီး ဖက်ဒရာရဲ့ ဂရင်းစလမ်တစ်ဦးချင်းပွဲစဉ်အများဆုံး ကစားထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဒုတိယအဆင့်ပွဲမှာ ဖာရီယာကို (၆း၁၊၆း၇၊၆း၃၊၆း၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
တင်းနစ်အားကစားကို နှစ်သက်သလို ဩစတြေးလျအိုးပင်းမှာ ဝင်ပြိုင်ရတာကိုလည်း ပျော်ရွှင်မိပါတယ်လို့ ပွဲအပြီးမှာ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဂရင်းစလမ်ချန်ပီယံဆုကို စံချိန်တင်အဖြစ် ၂၅ ကြိမ်မြောက်ရယူနိုင်ဖို့ ရည်မှန်းထားခဲ့တဲ့ ဂျိုကိုဗစ်ဟာ တတိယအဆင့်မှာ ဆီဒင်အဆင့်-၂၆ ရထားတဲ့ ချက်နိုင်ငံသား မက်ဟတ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဆီဒင်အဆင့်-၇ ရထားတဲ့ ဂျိုကိုဗစ်ဟာ ဩစတြေးလျ အိုးပင်းပြိုင်ပွဲကို နည်းပြသစ် အင်ဒီမာရေးရဲ့ သင်ကြားပြသမှုနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။