မန်ယူအသင်းရဲ့နည်းပြ တန်ဟတ်က ဘောလုံးပြက္ခဒိန်မှာ ပွဲစဉ်တွေ များပြားလာမှုက ကစားသမားတွေအတွက် ဝန်ပိုထမ်းရသလို ဖြစ်စေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

အခုဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ် စတဲ့ ဥရောပပြိုင်ပွဲတွေကို ပုံစံသစ်နဲ့ကျင်းပနေသလို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အသင်းအရေအတွက် (၃၂)သင်းအထိ တိုးမြှင့်လိုက်တာပါ။
ပြိုင်ပွဲတွေမှာ အသင်းအရေအတွက် တိုးမြှင့်လိုက်တဲ့ အတွက် ကစားရမယ့် ပွဲစဉ်တွေကလည်း အရင်နှစ်တွေကထက် ပိုမိုများပြားလာခဲ့တာဖြစ်ပြီး ဒီကိစ္စအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါက စီးပွားရေးအရ ကောင်းတယ်ဆိုပေမယ့် ကစားရမယ့်ပွဲစဉ်တွေ များပြားလာတာက ကစားသမားတွေကို ဒဏ်ရာ ပိုမိုရလာနိုင်စေတယ်လို့ နည်းပြတန်ဟတ်က ဝေဖန်သွား ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကစားသမားများသမဂ္ဂကလည်း ဖီဖာရဲ့ ဘောလုံးပြက္ခဒိန်ရေးဆွဲမှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားထားခဲ့ဖူးတာပါ။
မန်စီးတီး ကွင်းလယ်လူ ရိုဒရီကလည်း အခုလိုပွဲစဉ်တွေ များပြားလွန်းတာကြောင့် ကစားသမားတွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က ဝေဖန်ခဲ့ ပါသေးတယ်။