လီဗာပူးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်က ခြေစွမ်းမျိုးကို လာမယ့် ပွဲစဉ်တိုင်းမှာ ကစားပေးကြဖို့ မန်ယူအသင်း ဖော်တွေကို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က တိုက်တွန်းခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ပွဲမှာ မာတီနက်ဇ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။

အန်ဖီးလ်ကွင်းမှာ သရေတစ်မှတ် ရယူနိုင်ခဲ့တဲ့အတွက် မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်မှုကိုပါ ရပ်တန့်နိုင်ခဲ့တာပါ။ လီဗာပူးနဲ့ပွဲမှာ သရေတစ်မှတ် ရယူနိုင်ခဲ့တဲ့ စွမ်းဆောင်မှုက အားရစရာ ကောင်းသလို ဒီလိုစွမ်းဆောင်မှုမျိုးကို အပတ်စဉ်တိုင်း စွမ်းဆောင်ပြနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်တယ်လို့ ပွဲအပြီးမှာ ဖာနန်ဒက်စ် က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုက အရင်အပတ်တွေကထက် တိုးတက်မှုတွေ ရှိလာတယ်လို့လည်း ဖာနန်ဒက်စ်က သုံးသပ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုတစ်ပတ်မှာ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲကို အဝေးကွင်း သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဆောက်သမ်တန်၊ ဘရိုက်တန် တို့နဲ့ ဆက်တိုက် ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။