ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတွေရခဲ့ကြတဲ့ ဘော့ဆွာနာနိုင်ငံသား တီဘိုဂိုနဲ့ နယ်သာလန်နိုင်ငံသူ ဟတ်ဆန်တို့ဟာ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကို ရခဲ့ကြပါတယ်။
အသက် ၂၁ နှစ်အရွယ် တီဘိုဂိုဟာ ပဲရစ်အိုလံပစ် မီတာ ၂၀၀ ပြေးပွဲမှာ ရွှေတံဆိပ်ဆုရခဲ့ ပြီးနောက် အိုလံပစ် ရွှေတံဆိပ်ဆုရတဲ့ ပထမဆုံး ဘော့ဆွာနာအားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ ဒါ့အပြင် သူ့ရဲ့ ၁၉ ဒသမ ၄၆ စက္ကန့် စံချိန်ကလည်း မီတာ ၂၀၀ ပြိုင်ပွဲမှာ အာဖရိက ကစားသမားတစ်ယောက် အတွက် အမြန်ဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ က သူ့အတွက် ရင်ခုန်စရာအကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ် လို့ ဆုလက်ခံရယူအပြီးမှာ တီဘိုဂိုက ပြောသွားခဲ့ပါတယ်။
အမျိုးသမီး အကောင်းဆုံးဆုကို ရခဲ့တဲ့ ဟတ်ဆန်က လည်း ပဲရစ်အိုလံပစ် အမျိုးသမီးမာရသွန်ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုကို ရရှိခဲ့ပါတယ်။ မာရသွန် ရွှေတံဆိပ်ကို မရယူ ခင်မှာ ဟတ်ဆန်က မီတာ ၅၀၀၀ နဲ့ မီတာ ၁၀,၀၀၀ ပြိုင်ပွဲတွေ မှာ ကြေးတံဆိပ်ဆုတွေကို ရယူထားနိုင်ခဲ့ပြီး ၇၂ နှစ် အတွင်း အိုလံပစ်ပြိုင်ပွဲတစ်ခုတည်းမှာ ပြေးခုန်ပစ်ပြိုင်ပွဲ ၃ ခုကနေ ဆုတံဆိပ်ရတဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ အခုလို တစ်နှစ်တာအကောင်းဆုံးဆု ကို ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ ဟတ်ဆန်က ပြောသွားခဲ့ပါတယ်။