ဗြိတိန်လက်ဝှေ့သမား ဂျော့ရှူအာအနေနဲ့ မကျေပွဲထိုးသတ်ဖို့အတွက် ဒဏ်ရာပြဿနာကို အကြောင်းပြပြီး ရှောင်ပြေးနေတယ်လို့ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒူဘော့စ်က လှောင်ပြောင်သွားခဲ့ပါတယ်။

ဒူဘော့စ်နဲ့ ဂျော့ရှူအာတို့ ဟဲဗီးဝိတ်တန်းချန်ပီယံ နှစ်ဦးရဲ့ မကျေပွဲကို ပရိသတ်တွေ စောင့်မျှော်နေခဲ့ကြတာဖြစ်ပြီး ၂၀၂၅ ဖေဖော်ဝါရီလအတွင်းမှာ ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာကြောင့်ဆိုပြီး ဂျော့ရှူအာ ဘက်က ပွဲကို ဖျက်သွားခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်တွေ့ဆုံမှုအဖြစ် အခုနှစ် စက်တင်ဘာလတုန်းက ထိုးသတ်ခဲ့ရာမှာ ဒူဘော့စ်က ဂျော့ရှူအာကို ၅ ချီမြောက်မှာ အနိုင်ယူပြီး IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မကျေပွဲထိုးသတ်ဖို့ကို ဂျော့ရှူအာဘက်က ဖျက်သွားခဲ့လို့ ဒူဘော့စ်အနေနဲ့ ချန်ပီယံဆုကာကွယ်ဖို့အတွက် ပြိုင်ဘက်အသစ်ကို ရှာဖွေခဲ့ရပြီး နောက်ဆုံးမှာ ပါကာနဲ့ ထိုးသတ်ဖို့ သဘောတူညီ မှုရခဲ့တာပါ။ ပါကာနဲ့ ထိုးသတ်ဖို့ သဘောတူညီမှုရခဲ့ပြီးနောက် ဒူဘော့စ်က အခုချိန်ထိ ဒဏ်ရာကို အကြောင်းပြပြီး ရှောင်ပြေးနေတဲ့ ဂျော့ရှူအာကို ရှာလို့မတွေ့သေးပါဘူးဆိုပြီး လှောင်ပြောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ထဲမှာ ထိုးသတ်ရမယ့် ပါကာက အကောင်းဆုံးပုံစံရနေသလို အတွေ့အကြုံလည်း ရင့်တာကြောင့် ပြိုင်ဘက် ကောင်းတစ်ဦး ဖြစ်မှာသေချာပါတယ်လို့လည်း ဒူဘော့စ်က ပြောသွားခဲ့ပါတယ်။