စက်တင်ဘာ ၇ ရက်နေ့ အစောပိုင်းကထိုးသတ်ခဲ့တဲ့ One Championship ကတ်ချ်ဝိတ်တန်းပွဲစဉ်မှာ တူကီယဲနိုင်ငံသား အာဒိုဂန်က မြန်မာနိုင်ငံကိုယ်စားပြု အောင်လအန်ဆန်းကို ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ်နဲ့အနိုင်ယူသွားခဲ့ပါတယ်။
၁ နှစ်နဲ့ ၄ လလောက် ပွဲတွေနဲ့ဝေးနေခဲ့တဲ့အောင်လကို မြန်မာပရိသတ်တွေမျှော်လင့်ခဲ့ကြပေမယ့် အောင်လကတော့ အကောင်းဆုံးပုံစံမှာရှိမနေခဲ့တာကိုတွေ့ရပါတယ်။ အောင်လထက် ၅ နှစ်လောက်ငယ်တဲ့ အာဒိုဂန်ကတော့ One Championship အတွေ့အကြုံနည်းပေမယ့် ပြိုင်ဘက်ဖြစ်တဲ့အောင်လကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တာပါ။
ပထမအချီမှာ အာဒိုဂန်ကအချုပ်ပိုင်းကိုအဓိကထားကစားသွားခဲ့ပြီး အောင်လရဲ့ သက်လုံပိုင်းကို ချွေသွားခဲ့တဲ့ ဗျူဟာကလည်းမှန်ကန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒုတိယအချီမှာတော့ အာဒိုဂန်က သက်လုံကျလာခဲ့တဲ့အောင်လကို အပေါ်စီးကနေထိုးသတ်သွားခဲ့တာပါ။
အခုပွဲစဉ်မှာ အောင်လအနေနဲ့ ပြိုင်ဘက်ကိုထိထိရောက်ရောက် တိုက်စစ်ဆင်ထိုးချက်တွေမလုပ်နိုင်ခဲ့ဘဲ အာဂိုဒန်ရဲ့ထိုးချက်တွေအောက်မှာ ရုန်းကန်နေခဲ့ရပြီး ဒုတိယအချီ ၂ မိနစ်နဲ့ ၄၈ စက္ကန့်အကြာမှာပဲ ဒိုင်ကပွဲကိုရပ်လိုက်ရတာဖြစ်ပါတယ်။
အခုပွဲရလဒ်ကြောင့် အာဒိုဂန်ဟာ One Championship ပွဲစဉ် ၂ ပွဲထိုးသတ်ရာမှာ ၂ ပွဲစလုံးအနိုင်ရတဲ့ မှတ်တမ်းကောင်းကို ရယူသွားနိုင်ခဲ့ပါတယ်။