ဒဏ်ရာပြဿနာကြောင့် ၂၀၂၅ နှစ်စပိုင်း ပြိုင်ပွဲတွေကို လွဲချော်ရမှာဖြစ်ပေမယ့် အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါး ဝုဒ်က ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့အတွက် ဆန္ဒပြင်းထန်နေဆဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မေဂျာဆုဖလား ၁၅ ကြိမ်အထိ ရရှိထားတဲ့ တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဇူလိုင်လက ယှဉ်ပြိုင်ခဲ့တဲ့ သည်အိုးပင်း ပြိုင်ပွဲနောက်ပိုင်း ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းက ဒဏ်ရာပြဿနာတွေ ကြောင့် အနားယူခဲ့ရတဲ့ အချိန်တွေများခဲ့ပေမယ့် အသက် ၄၈ နှစ်အရွယ် တိုက်ဂါးဝုဒ်က ပြိုင်ပွဲတွေကို အကြိတ် အနယ်ယှဉ်ပြိုင်ဖို့အတွက် အာရုံစိုက်နေဆဲပဲလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲတွေကို ဝင်ပြိုင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးတာကို သိပေမယ့် ၂၀၂၅ အတွင်း ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့အတွက် မျှော်လင့်ထားဆဲလို့ တိုက်ဂါးဝုဒ်က ပြောပါတယ်။
တိုက်ဂါးဝုဒ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပမယ့် ဟီးရိုး ကမ္ဘာ့ ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ပြိုင်ပွဲနီးကပ်လာချိန်မှာတော့ ကြံ့ခိုင်မှုမပြည့်တဲ့ အတွက် ပြိုင်ပွဲဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ရပြီး လက်ရှိအချိန်မှာလည်း ဘယ်အချိန်မှာ ပြိုင်ပွဲတွေကို ပြန်ကစားနိုင်မယ်ဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့ သိရပါတယ်။