မေလ ၁၁ ရက်နေ့က ပြင်သစ်နိုင်ငံ လီမန်းစ်မြို့မှာ ကျင်းပခဲ့တဲ့ ပြင်သစ်မိုတိုဂျီပီပြိုင်ပွဲမှာ ဟွန်ဒါအသင်းရဲ့ ပြင်သစ်နိုင်ငံသား ဂျိုဟန်ဇာကို အနိုင်ရခဲ့ပါတယ်။ ပရိသတ် ၁၂၀၀၀၀ ကျော်ရဲ့ရှေ့မှာ ပြင်သစ်နိုင်ငံသား ဇာကို အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပြီး ဇာကိုဟာ နှစ်ပေါင်း ၇၁ နှစ်အတွင်း ပြင်သစ်မိုတိုဂျီပီ ပြိုင်ပွဲမှာ ပထမဆုံးအနိုင်ရတဲ့ ပြင်သစ်နိုင်ငံသားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြိုင်ပွဲအစပိုင်းမှာ ဒူကာတီအသင်းရဲ့ စပိန်နိုင်ငံသား မက်စ် မားကွက်ဇ်က ပြိုင်ပွဲကို ဦးဆောင်ခဲ့ပေမယ့် ကွင်းပတ်ရေ ၈ ပတ်မြောက်မှာ ဇာကိုက ကျော်တက်ပြီး ဦးဆောင်သူ နေရာကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ကနေ မက်စ် မားကွက်ဇ်ရဲ့ ဖိအားပေးမှုကို ခံခဲ့ရပေမယ့် ဇာကိုက တည်ငြိမ်မှုအပြည့်နဲ့ အမှားအယွင်းမရှိအောင် ယှဉ်ပြိုင်ခဲ့ပြီး ကွင်းပတ်ရေ ၂၆ ပတ်ပြည့်တဲ့အထိ ဦးဆောင်သူနေရာ ကို ဆက်ထိန်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဇာကိုက ဒုတိယနေရာက မက်စ်မားကွက်ဇ်ကို စက္ကန့် ၂၀ အသာနဲ့ ပထမရခဲ့ပြီး စပိန်နိုင်ငံသား အယ်ဒီဂွါက တတိယ ရခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အယ်ဒီဂွါ အတွက်တော့ မိုတိုဂျီပီ ပွဲစဉ်တစ်ခုရဲ့ ထိပ်ဆုံး ၃ ဦးနေရာမှာ ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ်မိုတိုဂျီပီ ပြိုင်ပွဲသမိုင်းမှာ မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့လို့ ပျော်ရွှင်ရတယ်လို့ ပွဲအပြီးမှာ ဇာကိုက ပြောသွားခဲ့ပါတယ်။