ကမ္ဘာ့အဆင့်-၃မှာ ရပ်တည်နေတဲ့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာဟာ လာမယ့်ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် ဆာဘာလန်ကာဟာ ကျန်းမာရေးအခြေအနေနဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ယှဉ်ပြိုင်ရမယ့် ကွင်းမာအမျိုးအစားပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဂရင်းစလမ်ချန်ပီယံဆု ၂ ကြိမ် ရရှိထားသလို အခုနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ရရှိထားတဲ့ ဆာဘာလန်ကာက ပြီးခဲ့တဲ့ လပိုင်းအတွင်း ကျန်းမာရေးအခြေအနေတွေကြောင့် ပြိုင်ပွဲတွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်တာ မရှိခဲ့တဲ့အတွက် ကျန်းမာရေးအခြေအနေကိုလည်း ဂရုစိုက်ရမှာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။
တကယ်လို့ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ပွဲစဉ်တွေ အရမ်းများသွားနိုင်သလို ကွင်းမာပြိုင်ပွဲတွေ အတွက် ပြင်ဆင်မှုတွေကိုလည်း ထိခိုက်နိုင်ပါတယ်လို့ ဆာဘာလန်ကာက ရှင်းလင်းထားပါတယ်။
ကမ္ဘာ့အဆင့် ထိပ်တန်းမှာ ရပ်တည်နေတဲ့ ဆာဘာလန်ကာ မပါနိုင်တာက အိုလံပစ်တင်းနစ်ပြိုင်ပွဲကို အာရုံစိုက်မှု လျော့ကျနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။