ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ ကျန်းမာရေးပြဿနာကြောင့် ပဲရစ်အိုလံပစ် တင်းနစ်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ ဇူလိုင်လ ၂၄ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
အခုနှစ်အစောပိုင်းက ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ကစားသမားဘဝ ပထမဆုံး ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ပြင်သစ်အိုးပင်းပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဆင်နာဟာ အာသီးရောင်နေတာကြောင့် အိုလံပစ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
၄ နှစ်မှ တစ်ကြိမ်ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် အခုလိုမျိုး ဆုံးဖြတ်လိုက်ရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဆင်နာက ကြေညာချက်မှာ ရေးသားထားပါတယ်။
အိုလံပစ်အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေချိန်မှာ နေမကောင်းသလို ခံစားရတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးနောက်မှာ ပြိုင်ပွဲမကစားသင့်ဘူးလို့ အကြံပေးတဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့လည်း ဆင်နာက ရှင်းလင်းထားခဲ့ပါတယ်။
ဆင်နာ နုတ်ထွက်သွားတဲ့အတွက် ကမ္ဘာ့အဆင့်-၂ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က အိုလံပစ်အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာ ရွှေတံဆိပ်ဆုရဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားလာခဲ့ပါတယ်။