အမေရိကန်နိုင်ငံသား ဟောလီးဝုဒ်ကြယ်ပွင့် တွမ်ခရုစ်ဟာ ဩဂုတ်လ ၁၁ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ပဲရစ်အိုလံပစ် ပိတ်ပွဲအခမ်းအနားမှာ ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ပဲရစ်မြို့က စတိတ် ဒီဖရန့် အားကစားကွင်းကြီးအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ တွမ်ခရုစ်ဟာ အိုလံပစ် အလံကို ၂၀၂၈ အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ကို သယ်ဆောင်ဖို့အတွက် ပါဝင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။
စတိတ်ဒီဖရန့်ကွင်း ခေါင်မိုးအပေါ်ကနေ ကွင်းထဲကို ကြိုးနဲ့ဆင်းလာခဲ့ပြီးနောက် တွမ်ခရုစ်ဟာ အိုလံပစ်အလံကို ဆိုင်ကယ်ပေါ်တင်ပြီး အမေရိကန်နိုင်ငံကို ထွက်ခွာမယ့် လေယာဉ်ပေါ်ကို တက်သွားခဲ့တာဖြစ်ပါတယ်။

၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့က အိမ်ရှင် အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အမေရိကန်နိင်ငံရဲ့ နာမည်ကျော်အနုပညာရှင်တွေကလည်း အိုလံပစ်အလံကို ကြိုဆိုခဲ့ကြပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ အမေရိကန်နိုင်ငံက ရွှေ ၄၀၊ ငွေ ၄၄၊ ကြေး ၄၂ ဆု စုစုပေါင်း (၁၂၆)ခုရခဲ့ပြီး ဆုတံဆိပ်ရပ်တည်မှုမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒုတိယနေရာမှာတော့ တရုတ်နိုင်ငံက ရွှေ ၄၀၊ ငွေ ၂၇၊ ကြေး ၂၄ ဆု စုစုပေါင်း (၉၁) ခုနဲ့ ရပ်တည်သွားခဲ့ပြီး ဂျပန်နိုင်ငံက ဆုတံဆိပ် စုစုပေါင်း (၄၅)ခုနဲ့ တတိယနေရာမှာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။